သူငယ်ချင်းတို့ သာဓုခေါ်ဆိုနိုင်ပါစေ...........  

Saturday, October 3, 2009

တစ်လောက ကျမရဲ့နယ်မြို့လေးကအိမ်ကိုပြန်တော့ ဝမ်းသာစရာသတင်း ကြားခဲ့ရပါတယ်။ ကျမတို့ ငယ်စဉ် သူငယ်တန်းမှ ဆယ်တန်းအောင်တဲ့အထိ ပညာရည်နို့သောက်ပြီး ဆည်းပူးခဲ့ရတဲ့ ကျမတို့ရဲ့ကျောင်းတော်ကြီးကို ပြန်လည်ပြုပြင်မွမ်းမံမှုတွေ လုပ်မယ်ဆိုတာပါ။ အဲဒီသတင်းကို ကြားတော့ ကျမဝမ်းသာမိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျမတို့နေခဲ့ရတဲ့ ကျောင်းကြီးကို မွမ်းမံမှုတွေ လုပ်တော့မယ်ဆိုတော့ ကျမတို့လဲ တတ်နိုင်တဲ့အားလေးနဲ့ ကိုယ့်ကျောင်းကြီးအတွက် တစ်ဖက်တစ်လမ်းကနေ တတ်အားသမျှ ပါဝင်ကူညီနိုင်မှာကို အတွေးနဲ့တင်တောင် ကျေနပ်နေမိပါတယ်။ ကျမတို့ငယ်ဘဝတည်းက ဆယ်တန်းအထိ မခွဲအတူ ပေါင်းဖော်လာခဲ့ကြတဲ့ သူငယ်ချင်းတစ်စုဟာ ကျောင်းတွေပြီးလို့ လုပ်ငန်းခွင်ကိုတောင် ဝင်နေကြပါပြီ။ တစ်ချို့လဲ မြန်မာပြည်ရဲ့ တစ်ထောင့်တစ်နေရာမှာ တာဝန်ထမ်းလို့ တစ်ချို့ကျတော့လဲ အခြားနိုင်ငံကို ရောက်နေကြပါတယ်။ အသီးသီးအလုပ်ကိုယ်စီနဲ့ ကျရာတာဝန်တွေ ထမ်းဆောင်ရင်း ကျမတို့ရဲ့ချွေးနဲစာလေးဖြစ်တဲ့ ကိုယ်ပိုင်ဝင်ငွေလေးနဲ့ ကျောင်းကြီးအတွက် အုတ်တံတိုင်းတစ်နေရာစာကို ကျမတို့သူငယ်ချင်းတွေ စုပေါင်းပြီးလှူလိုက်ရတဲ့အတွက် အလွန်ကို ဝမ်းသာပိတိဖြစ်မိပါတယ်။
အခြားနိုင်ငံကိုရောက်နေကြတဲ့ သူငယ်ချင်းနှစ်ယောက်၊ မြန်မာပြည်ရဲ့တစ်ထောင့်တစ်နေရာမှာ တာဝန်ကိုယ်စီထမ်းရွက်နေကြတဲ့အတွက် ရောက်မလာနိုင်တဲ့ သူငယ်ချင်းလေးရေ..... ငါတို့စုပေါင်းပြီး လှူလိုက်တဲ့ အလှူ အတွက် ကျေနပ်ပိတိဖြစ်ပြီး သာဓုခေါ်နိုင်ပါစေ........................

AddThis Social Bookmark Button